မြန်မာနိုင်ငံတစ်ဝန်းရှိ ထင်ရှားသောအမွေအနှစ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုများနှင့် သဘာဝအလှတရားတို့ကို ပြင်ဦးလွင်မြို့တွင် ၅၆.၆၇ ဧကပေါ်၌ စုစည်းပြသထားပါသည်။
အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (ပြင်ဦးလွင်) သည် အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ကပ်လျက်တွင် ၅၆.၆၇ ဧက ကျယ်ဝန်းစွာ တည်ရှိပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ထင်ရှားသည့် အထိမ်းအမှတ်ပုံစံတူ အဆောက်အအုံ (၂၂) ခု၊ သဘာဝစိုက်ပျိုးရေးခြံ (Organic Farm) နှင့် ကစားကွင်းတို့ ပါဝင်သော ထင်ရှားသည့် သဘာဝအခြေပြု ခရီးသွားအပန်းဖြေစခန်းတစ်ခု ဖြစ်ပါသည်။
ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ အထင်ကရအလှအပနှင့် သမိုင်းဝင်အမွေအနှစ်များကို တစ်နေရာတည်းတွင် ဆက်စပ်စုစည်းခံစားနိုင်ရန် ဖန်တီးတည်ဆောက်ခဲ့ခြင်း။
ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် ခရီးစဉ်အတွင်း ပြည်နယ်နှင့် တိုင်းအလိုက် ထင်ရှားသည့် အထင်ကရ အဆောက်အအုံများ၊ အထိမ်းအမှတ်နေရာများကို ပြည်သူများ တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်စေရန်အတွက် ကန်တော်ကြီးဥယျာဉ်အနီးတွင် တဆက်စပ်တည်း တည်ထောင်ရန် လမ်းညွှန်ချက်အရ စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
အကျယ်အဝန်း ၅၆.၆၇ ဧကပေါ်တွင် အထိမ်းအမှတ်ပြကွက် အဆောက်အအုံ (၂၂) ခု ပါဝင်သော အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် အများပြည်သူ အပန်းဖြေလေ့လာနိုင်ရန် စတင်ဖွင့်လှစ်ပြသခဲ့ပါသည်။ ဖွင့်လှစ်သည့် အချိန်မှစ၍ ယနေ့တိုင် ပြည်တွင်းပြည်ပ ခရီးသွားများ မဖြစ်မနေ လာရောက်လည်ပတ်ရာ အထင်ကရ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။
အမျိုးသားအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်။
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေအနားယူရင်း ပြည်နယ်နှင့် တိုင်းအလိုက် ထူးခြားထင်ရှားသည့် အထင်ကရ အဆောက်အအုံများနှင့် သဘာဝအလှအပများကို ပြည်ထောင်စုနယ်သဖွယ် တစ်နေရာတည်းတွင် ဆက်စပ်စုစည်း ခံစားလေ့လာနိုင်စေရန်။
ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော အပန်းဖြေအနားယူရာ နေရာနှင့် ဗဟုသုတဖြန့်ဝေပေးရာ အထင်ကရ နေရာတစ်ခုအဖြစ် တည်ဆောက်ပြီး မြန်မာနိုင်ငံ၏ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း (Eco-tourism) ကို မြှင့်တင်ရန်။
ဒေသမျိုးရင်း သစ်ပင်ကြီးများ၊ ရာသီအလိုက် ပန်းမန်များနှင့် သဘာဝစိုက်ပျိုးရေးစနစ်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်၍ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းသာယာမှု ရရှိစေရန်။
စိမ်းလန်းစိုပြည်သော သဘာဝရှုခင်းများ၊ ဆောင်းရာသီ ချယ်ရီပန်းလမ်းများနှင့် ရိုးရာအမွေအနှစ် ပြကွက်များ။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို ဥယျာဉ်စိုက်ပျိုးရေးပညာရှင်များ၊ အဆောက်အအုံထိန်းသိမ်းရေးဝန်ထမ်းများ၊ လမ်းညွှန်များနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများဖြင့် စနစ်တကျ ဖွဲ့စည်းထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။
အဖွဲ့သားများအားလုံး၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် စေတနာတို့ဖြင့် ဥယျာဉ်ကြီး၏ စိမ်းလန်းစိုပြည်မှု၊ သန့်ရှင်းသပ်ရပ်မှုနှင့် ဧည့်သည်တော်များ စိတ်ချမ်းမြေ့စေရေး ဝန်ဆောင်မှုများကို အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါသည်။
အပန်းဖြေ အစီအစဉ်များ အထိမ်းအမှတ်ပြကွက်များ