မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မတွင် တည်ရှိပြီး နောက်ဆုံးကုန်းဘောင်မင်းဆက်တို့ စိုးစံခဲ့ရာ ရတနာပုံရွှေမြို့တော်နှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာတို့၏ အထွတ်အထိပ် နယ်မြေကြီးဖြစ်ပါသည်။ မင်းတုန်းမင်းတရားကြီး ၁၈၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော သမိုင်းဝင် "မြနန်းစံကျော် ရွှေနန်းတော်ကြီး" (Mandalay Palace) သည် ခမ်းနားထည်ဝါသော ကျုံး၊ မြို့ရိုးများနှင့်အတူ ဘုံခုနစ်ဆင့် ပြာသာဒ်တော်ကြီးများ ဝင့်ထည်စွာ တည်ရှိပြီး၊ မြန်မာ့သမိုင်းဝင် မင်းနေပြည်တော်၏ အချုပ်အခြာအာဏာနှင့် ဘုန်းမီးနေလတို့ကို ကိုယ်စားပြုသည့် အထွတ်အမြတ် အမျိုးသားအမွေအနှစ် ပြယုဂ်တစ်ခု ဖြစ်ပါသည်။
ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်းရှိ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပြကွက်များအနီးတွင် တည်ရှိသော မန္တလေးတိုင်းဒေသကြီး ပြကွက်၌ ဤခမ်းနားလှသော မန္တလေးနန်းတော်ကြီးကို ၁:၁၈ စကေးအချိုးအစားဖြင့် အနုစိတ် လက်ရာမြောက်စွာ ဖန်တီးတည်ဆောက်ပြသထားပါသည်။ မူရင်း ရွှေနန်းပြာသာဒ်ကြီး၏ အချိုးအစားအတိုင်း စနစ်တကျ ချိုးဆကာ ရွှေရောင်ဝင်းပသော အမိုးဘုံဆင့်များ၊ ကနုတ်ပန်းလက်ရာများနှင့် တော်ဝင်နန်းတွင်း ဗိသုကာအလှတို့ကို ပုံစံငယ်အဖြစ် အနီးကပ် မျက်ဝါးထင်ထင် တွေ့မြင်နိုင်စေရန် ဖန်တီးထားပါသည်။
ဤပြကွက်သည် လာရောက်လည်ပတ်သူများအား ကုန်းဘောင်ခေတ် ရတနာပုံရွှေမြို့တော်၏ ခမ်းနားကြီးကျယ်လှသော တော်ဝင်နန်းတွင်း အမွေအနှစ်များကို ပြင်ဦးလွင်တောင်ပေါ်မြို့လေးတွင် တစ်နေရာတည်း စုံလင်စွာ လေ့လာခံစားခွင့် ပေးစွမ်းထားပါသည်။ အဝေးမှ လာရောက်ကြသည့် ခရီးသွားမိသားစုများ၊ ကျောင်းသားလူငယ်များနှင့် သုတေသီများအတွက် မြန်မာ့နောက်ဆုံး မင်းနေပြည်တော်၏ ဗိသုကာသမိုင်းကြောင်းကို ဗဟုသုတရရှိစေပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် အလွန်ဆွဲဆောင်မှုရှိသော အဓိကနေရာတစ်ခု ဖြစ်ပါသည်။
စကေးနှင့် အချိုးအစား -
- မန္တလေး မြနန်းစံကျော် ရွှေနန်းတော် - မူရင်းအရွယ်အစား ၁၀၀၀ ပေ x ၁၀၀၀ ပေ x ၂၂၅ ပေ၊ တည်ဆောက်ထားသည့်အရွယ်အစား ၅၅.၅ ပေ x ၅၅.၅ ပေ x ၁၂.၅ ပေ၊ အချိုးအစား ၁:၁၈