တောင်ပြုန်းပွဲတော်ဆင်နွှဲပျော် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မန္တလေးမြို့၏ မြောက်ဘက် ၁၅ ကီလိုမီတာ အကွာတွင် တည်ရှိသော တောင်ပြုန်းရွာတွင် ကျင်းပ ပြုလုပ်သည့် တောင်ပြုန်းပွဲတော်သည် မြန်မာနိုင်ငံ၌ အထင်ရှားဆုံးပွဲတော်များအနက် တစ်ခု အပါအဝင်ဖြစ်ပါသည်။ မြန်မာနတ်ရာဇဝင်တွင် အတွင်းနတ်(၃၇)ပါး၊ အပြင်နတ် (၃၇)ပါး ရှိသည့်အနက် အပြင်နတ်(၃၇)ပါး စာရင်းဝင်ဖြစ်သော တောင်ပြုန်းနတ်မင်းနှစ်ပါးကို နှစ်စဉ်ပူဇော်ပသ သောအနေဖြင့် ကျင်းပကြခြင်းဖြစ်ပါသည်။ သို့သော် တကယ့်ပွဲတော်မှာ အနော်ရထာမင်းတည်ထားခဲ့သော အုတ်နှစ်ချပ်လပ်နေသည့် “ဆုတောင်းပြည့်ဘုရား”နှင့် ပုဂံခေတ် နောက်ပိုင်းမှ တည်ထားသော “ဆုတောင်းရဘုရား” တို့၏ ပွဲတော်ဖြစ်ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း (၈) ရက်နေ့ (၁၀) ရက်နေ့ အထိ ကျင်းပကြပြီး နတ်ပွဲကို လဆန်း (၁၁) ရက်နေ့မှ (၁၅)ရက်နေ့ အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ သမိုင်းအထောက်အထားအနေဖြင့် ခိုင်မာမှုမှ မရှိသော်လည်း ဘိုးဘွား စဉ်ဆက်ယုံကြည်မှု၊ လက်ဆင့်ကမ်း ရာဇဝင်စကားများအရ တစ်ရံရောအခါက အနော်ရထာမင်းသည် တောင်ပြုန်းအရပ်တွင် စေတီတည်စဉ် ရွှေဖျဉ်ကြီး၊ ရွှေဖျဉ်လေး ဟုခေါ်သော မင်းညီနောင်နှစ်ပါးတို့သည် လုပ်အားပေးရန် ပျက်ကွက်မှုကြောင့် ကွက်မျက်ခံခဲ့ရပြီးနောက် နတ်စိမ်းများ ဖြစ်သွားပြီး အနော်ရထာမင်းက ထိုမင်းညီနောင်နှစ်ပါးကို တောင်ပြုန်းအရပ်အားအပိုင်စားပေးရာမှ ၎င်းနတ်စိမ်းနှစ်ပါးကို ပူဇော်ပသောပွဲမှ စတင်၍ တောင်ပြုန်းပွဲတော်ဖြစ်ပေါ်လာသည်ဟု ဆိုကြပါသည်။ ပွဲတော်အစီအစဉ်ကို ဝါခေါင်လဆန်း (၈)ရက်နေ့ ပထမနေ့တွင် “ ကန်တော်ခံပွဲတော်” ဖြင့်အစပြုပြီး၊ ကန်တော်ခံပွဲတော်၊ ည ညီလာခံ၊ ချိုးရေတော်သုံး၊ နန်းတက်ပွဲ၊ ယုန်ထိုး၊ ထိန်ခုတ်၊ ပခန်းမင်းပို့ပွဲ၊ ရွှေဘုံဆင်းစသည်ဖြင့် သက်ဆိုင်ရာ နေ့ရက်အလိုက် တစ်ရက်စီ ကျင်းပ ပြုလုပ်ပါသည်။ ရိုးရာဓလေ့တစ်ခုစီကို တစ်ရက်စီ၌ ကျင်းပကြကာ ပွဲတော်ရက်အတွင်း နတ်ကနား(အက)သည် ပွဲတော်၏ အဓိလက္ခဏာဖြစ်သည်။ ချိုးရေတော်သုံးပွဲ နေ့သည် ပွဲတော်ကာလအတွင်းတွင် အစည်းကားဆုံးနေ့ဖြစ်သည်ဟု ဆိုကြပါသည်။ ပွဲတော်ကာလတွင် စည်ကားလှသဖြင့် အနယ်နယ်အရပ်ရပ်မှ ဆိုင်ခန်းကြီးငယ်ဖွင့်လှစ်ရောင်းချသူများဖြင့်လည်း စည်းကားလေ့ရှိပြီး တောင်ပြုန်းလက်ဆောင်အဖြစ် ထင်ရှားသော ကရေကရာ၊ စလူမုန့် စသော အညာမုန့်များအပြင် တောင်ပြုန်း ဆွဲကြိုး၊ လက်ကောက်များကိုလည်း ရောင်းချလေ့ရှိပါသည်။ တောင်ပြုန်းပွဲသည် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး နတ်ညီနောင် နှစ်ပါး မစ၍ စီးပွားလာဘ်လာဘ တက်သည်ဟု ယုံကြည်သူများ၊ အခက်အခဲများ အဆင်ပြေစေရန် သွားရောက်ကိုးကွယ်သူများ၊ အပျော်သဘောသွားရောက်သူများဖြင့် တောင်ပြုန်းပွဲတော်သည် နှစ်စဉ် အနယ်အနယ်အရပ်ရပ်မှ သွားရောက်သူများဖြင့် ကြက်ပျံမကျစည်းကားလေ့ရှိပါသည်။ ကိုးကား။ ။(၁)မြန်မာ့မိရိုးဖလာနတ်သမိုင်း၊ (၂) ရိုးရာနတ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ၊ (၃) မြန်မာ့ရိုးရာနတ်ယုံကြည်မှု ဓလေ့ #NatioanlLandmarksGarden #PyinOoLwin #တောင်ပြုန်း #နတ် #Believe #Spiritual #MyanmarTraditional
#TaungbyoneFestival
Copyright 2018. All rights reserved.